Home ရိုဟင်ဂျာ သတင်း ကြည့်နေတယ် ကျွန်မ ဘာမှမပြော

ကြည့်နေတယ် ကျွန်မ ဘာမှမပြော

Photo Credit:

၂၃ ဒီဇင်ဘာ ၂၀၁၈

 

ကြည့်နေတယ်
ကျွန်မဘာမှ မပြောပါဘူး
”သွေးနှောတာ ငါတို့မုန်း၊ လူမျိုးအညွှန့်တုံး” ဆိုပြီး
ခလေးတွေရဲ့ နှလုံးသားကို
ရှင်တို့ ပညာရေးက
အဆိပ်ခတ်နေတဲ့အခါ

ကြည့်နေတယ်
ကျွန်မဘာမှ မပြောပါဘူး
သွေးစွန်းနေတဲ့လက်နဲ့
ဖက်ဒရယ် ဒီမိုကရေစီ
နိုင်ငံတော်တစ်ခု
ရှင်တို့ တည်ဆောက်နေတဲ့အခါ

ကြည့်နေတယ်
ကျွန်မ ဘာမှမပြောပါဘူး
”နိုင်ငံတော်လုံခြုံရေးက
လူ့အခွင့်အရေးထက် အရေးကြီးတယ်” လို့
ကမ္ဘာက မေတ္တာနဲ့ စောင့်ရှောက်ခဲ့လို့
ခုထိ အသက်ရှင်ခွင့်ရနေတဲ့
ဒီမိုကရက်တစ် နိုင်ကျဉ်းဟောင်းတွေ
ပါးစပ်က ထွက်ရဲတဲ့အခါ

ကြည့်နေတယ်
ကျွန်မဘာမှ မပြောပါဘူး
ဆယ်စုနှစ်များစွာ ဖိနှိပ်မှုကို
လက်နက်နဲ့ ပြန်တုံ့ပြန်တဲ့
လူတစ်စုကြောင့်
ရိုဟင်ဂျာတစ်မျိုးလုံးကို
လူမမယ် ကလေးတွေပါမကျန်
ခိုးဝင် အကြမ်းဖက်သမားတွေလို့
ရှင်တို့ မတရား တံဆိပ်ကပ်တဲ့အခါ

ကြည့်နေတယ်
ကျွန်မ ဘာမှမပြောပါဘူး
အင်းဒင်မှာ အစုလိုက်အပြုံလိုက်
တရားလက်လွတ် သတ်ဖြတ်မှုကို
သတ္တိရှိရှိ ဖော်ထုတ်ခဲ့တဲ့
ဝလုံးနဲ့ ကျော်စိုးဦးကို
အမျိုးသားသစ္စာဖောက်တွေလို့
ရှင်တို့ မတရားသမုတ်ပြီး
ထောင်ချကြတဲ့အခါ

ကြည့်နေတယ်
ကျွန်မ ဘာမှမပြောပါဘူး
စစ်ဖိနပ်တွေနဲ့
ကျွန်မတို့ အလောင်းတွေကို
လှေကားထစ်လို
ရှင်တို့ နင်းပြီးသွားတဲ့အခါ

ဟေ့ ဂျီနိုဆိုက် သားသတ်သမားတွေ
ဟေ့ ဂျီနိုဆိုက် လက်ခုပ်တီးသူတွေ
ဟေ့ ဂျီနိုဆိုက် အိပ်ချင်ယောင် ဆောင်နေသူတွေ
ဩဇာအာဏာ၊ ကိုယ်ကျိုးစီးပွားနဲ့
သီလတရားကို အလဲအထပ်လုပ်သူတွေ

ကျွန်မတို့ အလောင်းတွေကို
လှေခါးထစ်လုပ်ပြီး
တက်နင်းလိုက်တဲ့အခါ
ရှင်တို့မသိတာက
ငြိမ်းချမ်းသာယာပြီး ဖွံဖြိုးတိုးတက်သော
ဒီမိုကရေစီနိုင်ငံ အထက်ဖက်ကို
တက်နေတာ မဟုတ်ဘဲ
ဟောဒီ လှေကားထစ်တွေက
ရှင်တို့ရဲ့ ကျိုးပဲ့နေတဲ့ သီလတွေ
ပါဏာတိပါတာ အကုသိုလ်တွေ
ဒေါသတရား အမုန်းတရားတွေ
ချောဆီထိုးလို့
ရှင်တို့တစ်အုပ်လုံးကို
အောက်အဝီစိတွင်းတွေထိ ဆွဲချသွားတဲ့အခါ

ကြည့်နေတယ်
ကြည့်နေတယ်
ကြည့်နေတယ် ကျွန်မ
ဘာမှ မပြောဘူး
ကျွန်မ ဘာမှမပြောဘူး။

 

Link: https://sipacontest.com/gallery/2018/?fbclid=IwAR3rj10RLHMVBN6it4WfXz2SYgULMwbtVSw6gwAo24TC1CwQC01PKPDbyAM

 

You may also like