Home မြန်မာသတင်း ICC တောင်းဆိုတဲ့ သဘောထား ဘင်္ဂလားဒေ့ရှ်အစိုးရပေးပို့

ICC တောင်းဆိုတဲ့ သဘောထား ဘင်္ဂလားဒေ့ရှ်အစိုးရပေးပို့

8 June 2018

ရိုဟင်ဂျာမွတ်စလင်တွေကို လူ့အခွင့်အရေးချိုးဖောက်ခဲ့မှုတွေရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC က ရှေ့နေတွေက တရားစွဲဖို့ ကြိုးပမ်းနေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သဘောထားကို မေးမြန်းခဲ့တာကို ဘင်္ဂလားဒေ့ရှ်ဘက်က သဘောထားပြန်လည်ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာရီယား အာလန်က ဒီကနေ့ အတည်ပြုပြောကြားလိုက်ပါတယ်။

ဒါဟာ ICC အဖွဲ့ဝင်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ မေးမြန်းလာတာကို ပြန်လည်ဖြေကြားဖို့ တာဝန်လည်းရှိပါတယ်လို့ သူကပြောပါတယ်။

တရားရုံးကတောင်းဆိုလာတာတဲ့ သတင်းအချက်ကို ဖြည့်ဆည်းပေးတာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ဒီရိုဟင်ဂျာဒုက္ခသည်ပြဿနာကို မြန်မာနိုင်ငံနဲ့ ၂ နိုင်ငံအကြားမှာသာ ပြေလည်အောင် ဖြေရှင်းသွားဖို့ အဓိဋ္ဌာန်ချထားဆဲဖြစ်ကြောင်းလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအနေနဲ့ နယူးယောက်မြို့မှာ မနှစ်က တင်ပြဆွေးနွေးခဲ့သလို အချက် ၅ ချက်ပါ အစီစဉ်ကို အကောင်အထည်ဖော်ဖို့ ဒီအတိုင်းသဘောထားမပြောင်းလဲရှိပါတယ်လို့ သူကပြောပါတယ်။

ICC သဘောတူစာချုပ်အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံအပေါ် နယ်သာလန်နိုင်ငံ အခြေစိုက် ICC က တရားစွဲဆို အရေးယူရန် သင့်မသင့် ဘင်္ဂလားဒေ့ရှ်အစိုးရကို ပြီးခဲ့တဲ့လက တရားဝင် မေးမြန်းခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အခြေစိုက် BD24 သတင်းဌာနနဲ့ မေးမြန်းချက်မှာ မြန်မာနိုင်ငံကို ICC က အရေးယူသင့်မသင့် ဘယ်လိုသဘောထားပေးခဲ့သလဲဆိုတဲ့မေးခွန်းကို မဖြေကြားဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ ရပ်တည်ကြောင်း၊ ဆောင်ရွက်ချက်တွေဟာ နိုင်ငံတကာစံတန်ဖိုးတွေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့အညီ ဆောင်ရွက်ကြောင်းသာ ဖြေဆိုခဲ့တယ်လို့ သိရပါတယ်။

 

သစ်ထူးလွင်: http://www.thithtoolwin.com/2018/06/icc.html?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+thithtoolwin%2FyIWV+%28%E1%80%9E%E1%80%85%E1%80%B9%E1%80%91%E1%80%B0%E1%80%B8%E1%80%9C%E1%80%BC%E1%80%84%E1%80%B9%29

You may also like